Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၂)

A+ A-

အိမ်အပြင်ဘက်ကနေ ကြားနေရတဲ့ ကျေးငှက်လေးတွေရဲ့ ကျာကျာကျီကျီအသံကြောင့် ပစ်တိုင်းထောင် အိပ်နေရာကနေ နိုးလာခဲ့သည်။ ပုံမှန်အတိုင်း အိပ်ရာထနောက်ကျမြဲမလို့ ဘေးဘီကိုလှည့်ကြည့်လိုက်တော့လည်း အသေအချာခေါက်ထားတဲ့ အိပ်ရာခင်းနဲ့ စောင်ကိုသာ မြင်လိုက်ရသည်။ ခြင်ထောင်ကိုလှန်ကြည့်လိုက်တော့ ရွှေဒင်္ဂါးက ပြတင်းပေါက်တွေကို ‌ဖွင့်ထားခဲ့တာမလို့ အခန်းထဲကို အပြင်ဘက်ကနေ မိုးနံ့ပါတဲ့ လေတဖြူးဖြူးကလည်း တိုက်ခတ်နေသည်။

” ဘယ်အချိန်တောင်ရှိနေပြီလဲ မသိဘူး “

တိုင်ကပ်နာရီက အိမ်အောက်ထပ်မှာပဲ ရှိတာမလို့ ပစ်တိုင်းထောင်က တစ်ကိုယ်တည်းရေရွတ်ရင်း ထလာလိုက်သည်။ ခပ်လျော့လျော့ဖြစ်နေတဲ့ ပုဆိုးကိုပြင်ဝတ်ရင်း ပြတင်းပေါက်နားကို လျှောက်သွားလိုက်တော့ ပြင်ပမြင်ကွင်းကလည်း ကြည်ကြည်လင်လင်။

မိုးတိတ်သွားပြီဖြစ်ပေမယ့် ကျန်ရစ်နေခဲ့တဲ့ မိုးစက်လေးတွေက ပိတောက်ပင်ရဲ့ အရွက်လေးတွေပေါ်မှာ တင်ကျန်နေတဲ့အခါ နေရောင်ခြည်ကြောင့် တောက်ပနေသည်။ အပင်အောက်မှာလည်း မနေ့ညက မိုးများလွန်းတာကြောင့် ကြွေကျနေတဲ့ ပိတောက်‌ပွင့်လေးတွေကလည်း ဝါထိန်လို့နေသည်။

” ရွှေဒင်္ဂါး ဒီနေ့ ဘာအစီအစဉ်ရှိလဲ မသိဘူး “

ပစ်တိုင်းထောင်လည်း အိပ်ရာနိုးကတည်းက ခြံထောင့်မှာ ခုန်ပေါက်ဆော့နေကြတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကလွဲပြီး ဘယ်သူ့ကိုမှ မတွေ့တာကြောင့် အဝတ်အစား ခပ်သွက်သွက်လဲပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်။

အောက်ထပ်ကို မဆင်းလာခင် ခွေးပုအခန်းဘက်ကို လှမ်းကြည့်ခဲ့ပေမယ့် ခွေးပုကလည်း မရှိ။ အောက်ရောက်တော့ ရေဘုံဘိုင်မှာ မျက်နှာသစ်သွားတိုက်ပြီးမှ အိမ်ထဲမှာ သူကြီးနဲ့ ရွှေဒင်္ဂါးတို့ကို ပတ်ရှာရသည်။

” ရွှေဒင်္ဂါး … သူကြီး . ဘယ်သူမှမရှိကြဘူးလား . ခွေးပု … အစ်မငွေမှုန် “

ပစ်တိုင်းထောင်က တစ်ယောက်ပြီးတစ်ယောက် အော်ခေါ်နေပေမယ့် တစ်ယောက်ကိုမှ အရိပ်အယောင်မတွေ့။

” ညက မိုးရွာရင်း လေမုန်တိုင်းတိုက်ပြီး လေမုန်တိုင်းနဲ့များ ပါသွားသလား … တစ်ယောက်မှလည်း မတွေ့တော့ဘူး “

ပစ်တိုင်းထောင်တစ်ယောက်တည်း ချဉ်စူးစူးဆိုလိုက်ရင်း အိမ်ရှေ့ကကွပ်ပျစ်ပေါ်မှာ ဒူးတစ်ဖက်ထောင်လို့ ထိုင်နေလိုက်သည်။

” မိစွာ … မိုက်မိုက်စန်း . လာဦး “

အလိမ္မာတုံးလေးတွေက ပစ်တိုင်းထောင်ခေါ်လိုက်တော့ အနားကို တန်းခနဲနေအောင် ပြေးလာသည်။ ပစ်တိုင်းထောင်က သဘောကျသလိုပြုံးလိုက်ရင်း မိစွာနဲ့ မိုက်မိုက်စန်းကို ကွပ်ပျစ်ပေါ် ပွေ့တင်လိုက်သည်။

” အိမ်ကလူတွေ ဘယ်သွားကြလဲ မိုက်မိုက်စန်း … ဟမ် . ဖေ့ကိုဖြေဦး … လေမုန်တိုင်းတိုက်ပြီး ပါသွားတာလား . ဒါမှမဟုတ် မိုးများလို့ မိုးရေထဲ မျောသွားကြတာလား “

ပစ်တိုင်းထောင်က မိုက်မိုက်စန်းကို လက်နှစ်ဖက်ကနေ ပွေ့ချီထားပြီး ခြေထောက်နှစ်ချောင်းကတော့ ကွပ်ပျစ်ပေါ်မှာမလို့ မိုက်မိုက်စန်းက မတ်တပ်ရပ်လျက်သားလေး။ ပစ်တိုင်းထောင်မေးတာကို နားလည်သလို လျှာလေးတစ်လစ်နဲ့ စိုက်ကြည့်နေသည်။

အိမ်နောက်ဖေးမှာ ရေအိမ်ဝင်ပြီးလို့ ပြန်ထွက်လာတဲ့ဦးမင်းငွေက အိမ်ဘေးမှာ လက်ဆေးနေတုန်း ပစ်တိုင်းထောင်စကားကိုကြားပြီး မျက်နှာကြီး ရှုံ့မဲ့သွားသည်။ ပစ်တိုင်းထောင်ကိုသာ တစ်ယောက်တည်းဆက်ထားရင် ဦးမင်းငွေတို့မိသားစု ရေမျောရုံတင်မက ဒုက္ခသည်ပါ ဖြစ်တော့မှာမလို့ အိမ်ရှေ့ကို ခပ်သွက်သွက်ထွက်လာခဲ့လိုက်သည်။

” ပစ်တိုင်းထောင် … အဘ ရှိပါတယ် “

” ဟမ် … သူကြီးရှိနေတာပဲ “

ဦးမင်းငွေကို ဖျတ်ခနဲ လှည့်ကြည့်လာတဲ့ ပစ်တိုင်းထောင်က ချီထားလို့ လေထဲတန်းလန်းဖြစ်နေတဲ့ မိစွာကို ကွပ်ပျစ်ပေါ်ပြန်ချသည်။

” ကျုပ်က တစ်အိမ်လုံးလိုက်ရှာနေတာ ဘယ်သူမှမတွေ့လို့ “

” ရေအိမ်သွားနေရုံပါ ပစ်တိုင်းထောင်ရယ် … ဒင်္ဂါးတို့မောင်နှမက ဆရာတော်အခေါ်လွှတ်လို့ ခဏသွားတယ် “

” ဘာကိစ္စရှိလို့တုန်း “

” နှစ်ဆန်းတစ်ရက်နေ့ကျရင် သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ခြေသည်းညှပ် ကုသိုလ်ပြုဖို့ကိစ္စ ပြောမလို့နေမှာပေါ့ “

ပစ်တိုင်းထောင်က မျက်ခုံးပင့်လိုက်ရင်း နားလည်ပြီဖြစ်ကြောင်း‌ ခေါင်းညိတ်သည်။

” နို့ … ခွေးပုကရော “

” ခွေးပုလည်း ဒင်္ဂါးတို့နဲ့ လိုက်သွားတယ်လေ … မင်းလည်း မနိုးသေးတော့ ပျင်းလို့တဲ့ “

” ဟမ့် . ဒင်းကများ ပျင်းရတယ်ရှိသေး “

ပစ်တိုင်ထောင်မှာ အိမ်မှာ တစ်ယောက်တည်း ကျန်နေရစ်ခဲ့တာမလို့ ပျင်းတိပျင်းရွှဲ။ သူကြီးကလည်း တရားထိုင် ပုတီးစိပ်ဦးမယ်ဆိုကာ အိမ်ပေါ်တက်သွားတာကြောင့် အိမ်အရှေ့ကွပ်ပျစ်မှာ ပစ်တိုင်းထောင်တို့ သားအဖသာ ကျန်ရစ်နေခဲ့သည်။

” မိစွာ . ငါ့သမီး “

မိစွာက သူ့ကိုခေါ်မှန်း သိသလိုမျိုး ခေါင်းလေးလည်လို့ ပစ်တိုင်းထောင်ကို လှည့်ကြည့်လာသည်။

” နင့်အစ်ကို ခွေးပုပြန်လာရင် တင်ပါးပြုတ်အောင် ကိုက်ပစ်စမ်း ကြားလား … ဒင်း ဖေ့ကို ပစ်ပစ်ထားခဲ့တာ များတော့များပြီ “

ဝုတ် …

မိစွာက နားလည်သလိုမျိုး အသံပြုတဲ့အခါ ပစ်တိုင်းထောင်က သဘောတကျနဲ့ မိစွာခေါင်းလေးကို ငုံနမ်းလိုက်သည်။ မွေးရကျိုးနပ်တဲ့ သမီးလးတွေ။

” ဟေ့ … ပစ်တိုင်းထောင် . ပစ်တိုင်းထောင် “

မိုက်မိုက်စန်းတို့ သားအမိနဲ့ စကားပြောနေတုန်း ခြံရှေ့ကို ကုန်းကုန်းကွကွနဲ့ ရောက်လာပြီး ပစ်တိုင်းထောင်ကို လှမ်းခေါ်နေတဲ့ ကိုချက်ကြီးကြောင့် မျက်မှောင်ကျုတ်လိုက်မိသည်။ လှမ်းခေါ်နေပုံက ခပ်တိုးတိုးနဲ့ မသိရင် မဟုတ်တာလုပ်ဖို့ လာခေါ်သည့်နှယ်။

” ကိုချက်ကြီး … ဝင်လာခဲ့လေ … တိုးတိုး တိုးတိုးနဲ့ ဘာတုန်း “

ကိုချက်ကြီးက ပစ်တိုင်းထောင်ကို တိုးတိုးပြောဖို့ လက်ဟန်ခြေဟန်ပြပြီး အထဲဝင်ဖို့ကိုလည်း ခေါင်းတစ်ရမ်းရမ်းနဲ့ ငြင်းသည်။ ခြံဝကနေ လက်ယက်လို့ ပစ်တိုင်းထောင်ကို လှမ်းခေါ်နေတာကြောင့် ကွပ်ပျစ်ပေါ်ကဆင်းကာ ခြံဝကိုလျှောက်သွားလိုက်သည်။ မိစွာနဲ့ မိုက်မိုက်စန်းကလည်း အနောက်ကနေ လိုက်ဆင်းလာပြီး ခြံဝအထိ ပါလာသည်။

” ကိုချက်ကြီး . ခိုးကြောင်ခိုးဝှက်နဲ့ ဘာဖြစ်နေတာတုန်း ”

” သူကြီးရှိလား … ဒင်္ဂါးနဲ့ ငွေမှုန်ရော “

” ရွှေဒင်္ဂါးနဲ့ အစ်မငွေမှုန်က ဘုန်းကြီးကျောင်းသွားတယ်လေ . ခင်ဗျား မတွေ့ခဲ့ဘူးလား … သူကြီးကို တွေ့ချင်လို့လား … ဒါဖြင့်ရင်လည်း ခေါ်ပေးမယ်လေ . သူကြီး … ဝူးဝူး . ဟ ကိုချက်ကြီး ဘာလုပ်တာလဲ “

ပစ်တိုင်းထောင်က အိမ်ဘက်ကိုလှည့်လို့ သူကြီးကို လှမ်းခေါ်လိုက်တဲ့အခါ ကိုချက်ကြီးက အလန့်တကြားနဲ့ ပစ်တိုင်းထောင်ပါးစပ်ကို လာပိတ်သည်။

” တိုးတိုးပြောပါဟ . သူကြီးကို ဒီတိုင်းမေးတာကို … ငါက အပြင်ကလာတာ “

” ဒါဖြင့် ခင်ဗျားက သူကြီးအိမ် ဘာလာလုပ်တာလဲ “

ကိုချက်ကြီးက ရယ်ကျဲကျဲနဲ့ ခေါင်းကုတ်သည်။ အိမ်ထဲမှာ သူကြီးသာရှိပြီး ဒင်္ဂါးတို့လည်း မရှိမှန်းသေချာကာမှ ပစ်တိုင်းထောင်နားကို တိုးကပ်လို့ ခပ်တိုးတိုးပြောသည်။

” ရွာထိပ်က လယ်ကွင်းထဲမယ် ငါးရှဉ့်တွေ အများကြီးပဲ ပစ်တိုင်းထောင် … မနေ့က မိုးများထားလို့ ခုန်ခုန်ထွက်နေကြတာ . သွားနှိုက်ကြမလား “

” ဟမ် . အများကြီးလား “

” အေး . လိုက်မလား “

ကိုချက်ကြီးက ခေါင်းညိတ်ပြတဲ့အခါ ပစ်တိုင်းထောင်လည်း စိတ်ဝင်စားသွားသည်။

ကိုချက်ကြီးကလည်း ဘုန်းကြီးကျောင်းက ကပ္ပိယဖြစ်နေလို့သာ တော်တော့သည်။ မဟုတ်တာလုပ်ဖို့ဆို ထိပ်ဆုံးက သူလာခေါ်သည်။ ပြီးရင် ထိပ်တုံးနဲ့ကြိမ်လုံးကို ဦးဆုံးကြောက်နေတာလည်းသူပဲ။

ပစ်တိုင်းထောင်ဆို ဟိုတစ်ခါငါးချက်ကြိမ်စာမိပြီးကတည်းက ကိုယ်ခံအားပိုကောင်းလာသည်။ တော်ရုံလက်သံလောက်ကိုတော့ အသာလေးခံနိုင်သွားသည်။ ဆရာတော်က ကျင့်စဥ်ဘယ်အဆင့်ရဲ့အတွင်းအားကိုထုတ်သုံးပြီး ရိုက်လိုက်သလဲမသိ။ ပြန်တွေးမိရုံနဲ့ကို တင်ပါးကအလိုလိုနာလာသည်။

” အဲ့တာ လာခေါ်တာများ ဘာလို့ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ “

” ဟာ … ငါးရှဉ့်သွားနှိုက်တာ သူကြီးသိရင် ဆရာတော်ပါသိမှာလေ … ငါဖင်စုတ်အောင် အဆော်ခံရမှာပေါ့ဟ “

” ကျုပ်တို့ချည်းပဲလား “

” ဖိုးထူးတို့ အောင်ကျော်တို့လည်း ပါတယ် … ဘမော်ရောပဲ “

” နို့… ခင်ဗျားတို့က ဒီနေ့ ရေမပက်ကြဘူးလား ”

” မနေ့ညက မိုးအရမ်းရွာထားတော့ အေးပြီးကွေးနေကြလို့ ဒီမနက်ပိုင်းတော့ ဘယ်သူမှပတ်ကြမှာမဟုတ်ဘူး… ငါတို့ ငါးနှိုက်ပြီးပြန်လာမှ မဏ္ဍပ်သွားကြမလို့… ဘာလဲ မင်းက မလိုက်ချင်လို့လား ”

အဖော်ပါတယ်ဆိုတော့ ပစ်တိုင်းထောင်လည်း တစ်ချက်စဉ်းစားသလိုလုပ်ကာ ခေါင်းညိတ်လိုက်သည်။ ကိုချက်ကြီးနဲ့ လိုက်သွားဖို့ ဆုံးဖြတ်လိုက်တာကြောင့် သူကြီးကို အသိပေးဖို့ စဉ်းစားမိပေမယ့် ငါးသွားနှိုက်မယ်သာသိရင် လွှတ်မှာမဟုတ်တာကြောင့် မသိအောင်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။

” ဟာ … မိစွာ . မိုက်မိုက်စန်း … နေခဲ့လေ … သွား သွား . ရှူး ရှူး အိမ်ထဲပြန်ဝင် “

သူကြီးခြံထဲကနေထွက်‌တော့ မိစွာနဲ့ မိုက်မိုက်စန်းက ပစ်တိုင်းထောင်ပုဆိုးကို ဆွဲလို့ အနောက်ကပါလာသည်။

” ဟာ … နေခဲ့လို့ . သူကြီး ဘုရားရှိခိုးပြီးတဲ့အချိန် အိမ်ထဲ ခွေးတစ်ကောင် ကြောင်တမြှီးမှမတွေ့လို့ ရွာပတ်ရှာနေရင် ဘယ့်နှယ့်လုပ်မလဲ … သမီးတို့က နေခဲ့နော် . လိမ္မာတယ် “

အိမ်ထဲကိုပြန်သွင်းလည်း နားမထောင်ပဲ အနောက်ကနေသာ ပြေးလိုက်လာကြတာမလို့ ခေါ်သွားဖို့သာ တွေးလိုက်တော့သည်။

” အနောက်ကနေ လိမ်လိမ်မာမာလိုက်ခဲ့နော် . သမီးတို့ “

ဒီလိုနဲ့ ပစ်တိုင်းထောင်တို့ သားအဖေသုံးယောက် ကိုချက်ကြီးနောက်ကို အတန်းလိုက်လေး ပါသွားတော့သည်။ ရွာထိပ်က လယ်ကွင်းကိုရောက်တော့ ဘမော်တို့သုံးယောက်က ရောက်နှင့်နေကြပြီဖြစ်သည်။ ဘမော်တို့ကတော့ ကြက်ခိုးပြီးကတည်းက ပေါက်တက်ကရလုပ်လည်း အတူတူမလို့ အရိုက်ခံရလည်း အတူတူဆိုကာ အဖွဲ့ကျသွားခြင်းပင်ဖြစ်သည်။

” ဟာ . ပစ်တိုင်းထောင် တစ်ယောက်တည်းလား … ဒင်္ဂါးရော ပါမလာဘူးလား ”

အနားရောက်တော့ ဘမော်က မေးလာတာမလို့ ပစ်တိုင်းထောင်က ခေါင်းရမ်းလိုက်သည်။ ရွှေဒင်္ဂါးလိုလူလား ငါးနှိုက်ဖို့လိုက်လာမှာ။ ရွှေဒင်္ဂါးက ငါးနှိုက်ဖို့နေနေသာသာ ပစ်တိုင်းထောင်ကိုတောင် တားမယ့်လူမျိုး။

စဉ်းစားမိ‌တော့ ရွှေဒင်္ဂါးရဲ့ အသွင်အပြင်က ပစ်တိုင်းထောင်မျက်လုံးထဲပေါ်လာသည်။

အသားကခပ်ဖြူဖြူ လူကောင်ကလည်း ပစ်တိုင်းထောင်နဲ့ယှဉ်ရင် ခပ်သေးသေးရယ်မလို့ ရွှေဒင်္ဂါးက တကယ့်ကို မြို့သားဆိုက်။ မျက်လုံးမျက်ခုံးကောင်းပြီး နှာတံစင်းလို့ နှုတ်ခမ်းပါးကလေးနဲ့ ရွှေဒင်္ဂါးက ပြင်ပြင်ဆင်ဆင်နေပြီး မြို့သားသာဆို တကယ့်ကို ဘိုင်စကုတ်မင်းသားပင်။

ဘယ်လိုလူမျိုးက ပူပြင်းခြောက်သွေ့ပြီး ခေါင်ခိုက်တဲ့ရွာမှာနေရင်း အသားအရည်က ညိုမသွားသလဲဆိုတာ ပစ်တိုင်းထောင်မှာ စဉ်းစားမရ။

ပစ်တိုင်းထောင်က ကိုကိုကြီးနဲ့တူလို့ အသားညိုပြီး အရပ်ရှည်ကာ ကိုယ်လုံးကိုယ်ဖန်က တောင့်တာ။ မျက်လုံးမျက်ခုံးကလည်း ကောင်းပေမယ့် ရွှေဒင်္ဂါးလိုမျိုး မျက်လုံးက ဝိုင်းမနေပဲ ဗန်ဒါစေ့လိုမျိုး ခပ်ရှည်ရှည်။ မျက်ဆံတောက်ပမှုမှာလည်း ရွှေဒင်္ဂါးကပိုသည်။

နှာတံဖြောင့်ပေမယ့် နှုတ်ခမ်းထူထူက မြို့မှာနေစဥ် ‌စီးကရက်လည်း ခိုးသောက်မိတာကြောင့် အနည်းငယ်ညိုချင်သည်။ ရွာရောက်တော့လည်း ပေပေတေတေနဲ့ ကြမ်းကြမ်းတမ်းတမ်းမလို့ ပစ်တိုင်းထောင်ကသာ ရွှေဒင်္ဂါးနဲ့ယှဉ်ရင် တောသားပုံစံ ပိုပေါက်နေသည်။

” ဘုန်းကြီးကျောင်းသွားကြတယ်တဲ့ . ခေါ်လည်း လိုက်မှာမဟုတ်ပါဘူး … ရွှေဒင်္ဂါးသာရှိရင် ကျုပ်ပါ‌တားနေမှာ ”

ဘမော်တို့က ရွှေဒင်္ဂါးအကြောင်း သိသူပီပီ ခေါင်းတညိတ်ညိတ်။

” ဆင်းကြတော့မလား “

ပစ်တိုင်းထောင်က ဘမော်တို့အနောက်ကနေရာကို လှမ်းအကဲခတ်လို့ မေးလိုက်သည်။ မနေ့ညက မိုးကောင်းထားတာကြောင့် ခြောက်‌သွေ့နေတဲ့ လယ်ကွက်အလွတ်မှာ ဗွက်ထနေပြီပင်ဖြစ်သည်။ လယ်စိုက်တဲ့အကွက်တော့မဟုတ်ပေမယ့် ရေလွှတ်တဲ့နေရာမလို့ ငါးရှဉ့်တွေရှိတတ်တာကြောင့် ငါးရှဉ့်တွင်းတွေလည်း တွေ့ရသည်။ မိုးရေတွေကြောင့် ငါးရှဉ့်တွင်းထဲက ရေကလည်း တပွက်ပွက်။

” အဆင်သင့်ပဲ ကိုကြီးပစ်တိုင်းထောင် … ရေပုံးတွေလည်း ပါတယ် “

ဖိုးထူးက ပစ်တိုင်းထောင်ကို လက်ထဲက ရေပုံးတွေ မြှောက်ပြသည်။ ပစ်တိုင်းထောင်လည်း ခေါင်းညိတ်လိုက်ရင်း ဝတ်လာတဲ့ပုဆိုးကို ခါးတောင်းကျိုက်လိုက်သည်။

” မိစွာ . မိုက်မိုက်စန်း … ဖေ့နောက်ကို ‌လိုက်မလာနဲ့နော် … ဘောင်ပေါ်မှာနေခဲ့ချေ . ကြားလား “

ပစ်တိုင်းထောင်က ပြောလိုက်ပေမယ့် သမီးတွေက စကားနားထောင်သူပီပီ ပစ်တိုင်းထောင်လည်း အရှေ့ကဗွက်တောထဲဆင်းရော အနောက်ကနေ ခုန်ပေါက်ဆင်းလာကြသည်။

” ဟာ … မလိုက်ခဲ့နဲ့ဆိုနေ … ရွှေဒင်္ဂါးက ရေပြန်ချိုးပေးနေရဦးမယ် “

ရွာရောက်ကတည်းက ရွှေဒင်္ဂါးက မိစွာနဲ့ မိုက်မိုက်စန်းကို ငါးရက်ခြားတစ်ခါလောက်‌တော့ ရေပုံမှန်ချိုးပေးသည်။ ရာသီဥတုက ပူလှတာကြောင့် ခွေးကလည်း အပူမျိုးမလို့ ရေခဏခဏချိုးပေးတာများ မိစွာနဲ့ မိုက်မိုက်စန်းက ခွေးပုထက်တောင်မှ သန့်သေးသည်။

” ဟ ! ဒီမှာကြည့် တစ်ကောင်ရပြီ “

‌ဖိုးထူးက တွင်းထဲက နှိုက်လို့ရလာတဲ့ ငါးရှဉ့်တစ်ကောင်ကို မြှောက်ပြလာတာကြောင့် ပစ်တိုင်းထောင်က ခါးကြီးထောက်လို့ မျက်မှောင်ကြီးကျုံ့လိုက်သည်။ ဒါက ပစ်တိုင်းထောင်ကို ကျော်သွားတာမလို့ ပစ်တိုင်းထောင်လည်း အားကျမခံ တွင်းထဲကငါးကို ကုန်းနှိုက်သည်။

” သတိထားဦးနော် ပစ်တိုင်းထောင် … မြွေတွင်းတွေလည်း နှိုက်မိဦးမယ် “

” အင်း “

ကုန်းကုန်းကွကွနဲ့ ငါးရှဉ့်နှိုက်နေတဲ့ ပစ်တိုင်းထောင်က ဘမော်ရဲ့ သတိပေးစကားကို ခပ်ပြတ်ပြတ်သာ တုံ့ပြန်လိုက်သည်။

” ဟ …! ဖမ်းမိပြီ ဖမ်းမိပြီ . ဒီမှာ “

” ဟာ . ကိုကြီးပစ်တိုင်းထောင် … အကြီးကြီးပဲ “

ပစ်တိုင်းထောင်လက်ထဲပါလာတဲ့ ငါးရှဉ့်ကြီးက ပြည့်ပြည့်ဖြိုးဖြိုးမလို့ ဖိုးထူးနဲ့ အောင်ကျော်က အားကျသလိုမျိုး လက်ခုပ်လက်ဝါးတီးလို့ အားပေးသည်။ ပစ်တိုင်းထောင်က ဂုဏ်ယူသလိုမျိုး မျက်နှာကြီးကို ပင့်ချီထားပြီး လက်ထဲက ငါးရှဉ့်ကလည်း လွန့်လွန့်လူးနေတာမလို့ မနည်းကိုင်ထားရသည်။

” ဟာ … ဒီငါးရှဉ့်နှယ် . ဟ . ဟ လွတ်သွားပြီ “

ထိန်းနေတဲ့ကြားကနေ လက်ထဲက ခုန်ထွက်သွားတဲ့ ငါးရှဉ့်က တွင်းထဲကို ပြန်မဝင်နိုင်သေးပေမယ့် ဗွက်တောထဲမှာ လွန့်လွန့်လူးနေသည်။

” ဖမ်းစမ်း . ဖမ်းစမ်း ဖိုးထူး . အဲ့ကောင်ကို မလွတ်စေနဲ့ ”

” ဟုတ် . ဟုတ် “

” ဘမော် ဟိုဘက်ကနေဖမ်း “

ပစ်တိုင်းထောင်က ပထမဆုံးဖမ်းမိတဲ့အကောင်မလို့ လွတ်သွားတာကြောင့် ကြိတ်မနိုင်ခဲမရ။ ဗွက်တောထဲမှာ ဖျတ်ဖျတ်လူးနေတဲ့ ငါးရှဉ့်ကလည်း လျင်သည်။ ပစ်တိုင်းထောင်တို့လေးယောက် ပိတ်ဖမ်းတာတောင် ဒင်းကို မမိ။ ဒီကြားထဲ မိစွာနဲ့ မိုက်မိုက်စန်းကပါ ပစ်တိုင်းထောင်တို့ကြား ခုန်ပေါက်နေတာမလို့ ဗွက်အိုင်ထဲမှာ ဆူညံပွက်လောရိုက်နေသည်။

” လာထားစမ်း “

” ဟာ . ပစ်တိုင်းထောင် “

” ကိုကြီး ပစ်တိုင်းထောင် …! “

ပစ်တိုင်းထောင်က ဆူဆူဖြိုးဖြိုး ငါးရှဉ့်ကို အလွတ်မခံနိုင်တာမလို့ ဗွက်အိုင်ထဲကို ဒိုင်ပင်ပစ်လို့ ခုန်ဖမ်းလိုက်တော့သည်။ လူက ဗွမ်းခနဲနေအောင် ဗွက်အိုင်ထဲကို ကျသွားတာမလို့ ဘေးနားက အော်သံတွေကလည်း ထွက်ပေါ်လာသည်။ ပစ်တိုင်းထောင်မှာ ထိုအသံတွေကိုလည်း ဂရုမစိုက်အားပဲ လက်ထဲက ငါးရှဉ့်ကိုသာ ထပ်မလွတ်သွားအောင် ဆုပ်ကိုင်ထားသည်။

” ကိုကြီးပစ်တိုင်းထောင် ဘာကုန်းကောက်တာလဲ “

” ဗွက်တောထဲများ ဒိုင်ပင်ပစ်ရတယ်လို့ ဟား ဟား “

” ကျစ် ! စကားမများနဲ့ . ရေပုံးပေးစမ်း ဖိုးထူး “

ပစ်တိုင်းထောင်က ခပ်ငေါက်ငေါက် ပြောလိုက်တော့မှသာ ဝိုင်းရယ်နေကြတဲ့ကောင်တွေက ငြိမ်သွားကြပြီး ဖိုးထူးကမ်းပေးလာတဲ့ရေပုံးထဲ လက်ထဲကငါးရှဉ့်ကို ပစ်ထည့်လိုက်သည်။

” ပေကုန်ပြီ ပစ်တိုင်းထောင်ရ “

ပစ်တိုင်းထောင် ‌ဗွက်အိုင်ထဲ မှောက်ခုံလျက်သားကျထားတာကြောင့် ပြန်ထလာတော့ ရင်ဘတ်နဲ့ ပေါင်တွေမှာလည်း ရွှံ့တွေပေကျံနေသည်။ မေးစေ့မှာလည်း ဗွက်တွေနဲ့မလို့ ပစ်တိုင်းထောင်အသွင်က ပေတူးလန်နေသည်။

” ဟာ … ပေ ပေကွာ …! ဖမ်းဦး နောက်တစ်ကောင် “

ပစ်တိုင်းထောင်အတွက် ပထမဦးဆုံး အတွေ့အကြုံမလို့ ငါးရှဉ့်ဖမ်းရတာ ပျော်လာသည်။ မိစွာနဲ့ မိုက်မိုက်စန်းကပါ ပစ်တိုင်းထောင်ဖမ်းသလို လိုက်ဖမ်းသည့်နှယ် ခုန်ပေါက်နေကြတာမလို့ နှစ်ကောင်လုံးကလည်း ပေတလူးနေသည်။

” ပစ်တိုင်းထောင် …! “

” ဟ ~ “

ငါးရှဉ့်တွေ အပြည့်ဖြစ်နေပြီဖြစ်တဲ့ ငါးပုံကို ပြုံးပြီး ငုံ့ကြည့်နေတုန်း ကြားလိုက်ရတဲ့ အော်သံကြောင့် ပစ်တိုင်းထောင်အပြုံးတွေ ရပ်တန့်သွားသည်။ လှည့်ကြည့်လိုက်တော့ ကန်သင်းရိုးပေါ်မှာ ပစ်တိုင်းထောင်တို့ရှိရာကို ခါးထောက်လို့ ရပ်ကြည့်နေတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်က ဗွက်အိုင်ထဲမှာ ငုတ်တုပ်ထိုင်နေရာကနေ ထရပ်လိုက်သည်။

” ရွှေဒင်္ဂါး … “

” ပစ်တိုင်းထောင် … အဲ့တာက ဘယ်လိုဖြစ်နေတာလဲ … မိစွာနဲ့ မိုက်မိုက်စန်းကရော ဘယ်လိုဖြစ်တာလဲ “

ဒင်္ဂါး ရွှံ့တောထဲက ပစ်တိုင်းထောင်တို့ သားအဖတွေကိုကြည့်ရင်း လှိုက်တက်လာတဲ့ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ ကျန်တဲ့သူတွေက သိပ်မသိသာပေမယ့် ပစ်တိုင်းထောင်တို့ သားအဖတွေကတော့ ရွှံ့တွေက မျက်နှာတွေပါမကျန် တစ်ကိုယ်လုံး ပေတလူးနေတာကြောင့် ဗွက်လူးထားတဲ့ ကျွဲသားအဖတွေလိုပင်။

ပစ်တိုင်းထောင်က ကျွဲအဖေကြီးဆိုရင် မိစွာနဲ့ မိုက်မိုက်စန်းကတော့ ဗွက်လူးထားတဲ့ ကျွဲပေါက်လေးနှစ်ကောင်လို ဖြစ်နေသည်။

” နေဒီလောက်ပူနေတာကို အဆောင်းမပါ အကာမပါနဲ့ ငါးနှိုက်နေတယ် ဟုတ်လား … လာခဲ့ လာခဲ့ … ပြန်တက်လာခဲ့ ပစ်တိုင်းထောင် “

ပုံမှန်အတိုင်းဆို ဒင်္ဂါးက ပစ်တိုင်းထောင်ကို ကြောက်ပေမယ့် အခုမှာတော့ ပစ်တိုင်းထောင်တို့ အသွင်သဏ္ဍာန်ကိုကြည့်ရင်း ဆူငေါက်ချင်စိတ်ကလည်း ထိန်းမရ။

ဒင်္ဂါး ဘုန်းကြီးကျောင်းကနေ အိမ်ပြန်ရောက်လာတော့ လူမပြောနဲ့ ခွေးနှစ်ကောင်ကိုပါ မတွေ့တာကြောင့် ရွာထဲပတ်ရှာရသည်။ ရွာထဲ ရေဆော့နေကြတဲ့ ကလေးတစ်သိုက်က ပစ်တိုင်းထောင်ကို ဘမော်တို့နဲ့ ရွာထိပ်မှာ တွေ့ခဲ့တယ်ဆိုမှသာ ရွာထိပ်ထိလိုက်လာရင်း ဗွက်တောထဲက ကျွဲသားအဖတွေကို ရှာတွေ့ခဲ့တာဖြစ်သည်။

” ခဏလေး … ငါးပုံးယူလိုက်ဦးမယ် ရွှေဒင်္ဂါး … ကျုပ်အများကြီး ဖမ်းမိထားတာ “

” အဲ့ငါးပုံးကြီးထားခဲ့ … လူအရင်လာ “

ဒင်္ဂါး ပြောလိုက်တော့မှသာ ပစ်တိုင်းထောင်က ငါးပုံကြီးကို သံယောဇဉ်မပြတ်စွာ ပစ်ချခဲ့ရင်း ကန်သင်းရိုးပေါ်တက်လာတော့ နောက်ကနေပါ မိစွာနဲ့ မိုက်မိုက်စန်းက ခုန်ပေါက်လို့ ပါလာသည်။

” ပစ်တိုင်းထောင် … ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ပါဦး … ဘာရုပ်ပေါက်နေပြီလဲလို့ “

ပြောလိုက်‌တော့လည်း ဘာတစ်ခွန်းမှ ပြန်မဖြေပဲ ပစ်တိုင်းထောင်က သူ့ကိုယ်သူငုံ့ကြည့်သည်။ တစ်ကိုယ်လုံး ဆံပင်တွေပါမကျန် ရွှဲတွေပေကျံနေတာကို သူ့ကိုယ်သူ သိပ်ကြည့်ကောင်းနေတယ် ထင်နေသလားမသိ။ ဒင်္ဂါးလည်း ဒေါသထွက်လာတာမလို့ ရွှံ့အိုင်ထဲမှာ ကျန်နေခဲ့တဲ့ ကိုချက်ကြီးတို့ အုပ်စုဘက်ကို လှည့်ကြည့်လိုက်သည်။

” ဒီနေ့မှ သင်္ကြန်အကြတ်နေ့ ရှိသေးတာနော် … အခါတွင်းကြီး အကုသိုလ်လုပ်တာတောင် အဖော်နဲ့ အပေါင်းနဲ့ လာခေါ်သေးတာ “

ဒင်္ဂါးစကားကြောင့် ကိုချက်ကြီးတို့ ဘမော်တို့မှာ ပါးစပ်အဟောင်းသား။ ဒင်္ဂါးပြောပုံက မသိရင် ပစ်တိုင်းထောင်ကို သူတို့က ငါးနှိုက်ဖို့အတွက် ဝေါတော်နဲ့ ပင့်ခေါ်လာတဲ့အတိုင်း။ ကိုဘမော်ကတော့ ပြန်ပြောဖို့ကြံလိုက်ပေမယ့် ပစ်တိုင်းထောင်ကိုယ်တိုင်ကတောင် ဒင်္ဂါးနားမှာ ခပ်ကုတ်ကုတ်လေး ရပ်နေတာမလို့ ပါးစပ်သာ ပိတ်ထားလိုက်တော့သည်။

” ဒီမယ် … ပစ်တိုင်းထောင်ကိုလည်း ကျွန်တော်မပြောထားဘူးလား … ဒီနှစ်က ဗုဒ္ဓဟူးအတာစားတာမလို့ ကောင်းမှုကုသိုလ်တွေ လုပ်ရမယ်ဆိုတာ “

” အင်း . ပြောတယ်လေ “

ပြန်ဖြေပုံကိုက ခေါင်းခေါက်ချင်စရာ။ ဒင်္ဂါးမှာ ပစ်တိုင်းထောင်ခေါင်းကို ဂွက်ခနဲ‌မြည်အောင် ခေါက်လိုက်ချင်စိတ်ကို မနည်းထိန်းလိုက်ရပြီး လက်တွေက ဝတ်ထားတဲ့ ပုဆိုးကိုသာ ကျစ်နေအောင် ကိုင်ထားလိုက်သည်။

” အိမ်ပြန်မယ် . အဘက ဘယ်ပျောက်သွားတာလဲဆိုပြီး စိတ်ပူနေတာ … နေပူကပူနဲ့ ရွာထိပ်အထိလာပြီး ငါးနှိုက်နေတယ် … ပြန်မယ် … မိစွာနဲ့ မိုက်မိုက်စန်းလည်း ပြန်မယ် “

ပစ်တိုင်းထောင်ရှေ့ကနေ ဘောက်ဆတ်ဘောက်ဆတ် ထွက်သွားတဲ့ ရွှေဒင်္ဂါးနောက်ကို မိစွာနဲ့ ‌မိုက်မိုက်စန်းကလည်း ရထားတွဲလိုမျိုးပါသွားသည်။ လူကိုလည်း ဆူငေါက်သွားတာ ပုံမှန် ရွှေဒင်္ဂါး မဟုတ်သည့်အတိုင်း။ ပစ်တိုင်းထောင်လည်း တစ်ကိုယ်လုံး ပေကျံနံစော်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်ရင်း မပြန်လို့ကလည်း မဖြစ်တော့တာကြောင့် ကိုချက်ကြီးတို့ကို နှုတ်ဆက်ခဲ့ရင်း ရွှေဒင်္ဂါးနောက်ကို ခပ်သွက်သွက်လိုက်ရတော့သည်။

>>>>>>>>>>

ဒင်္ဂါးလက်ထဲက ရေစိုဝတ်ကို ရေဇလုံထဲ ရေညှစ်ချရင်း သက်ပြင်းချလိုက်သည်။ မနက်က နေပူကျဲတဲမှာ ငါးနှိုက်ပြီး ပြန်လာတဲ့ ပစ်တိုင်းထောင်က ညဘက်မှာတော့ အပူရှပ်ပြီး ဖျားနေပြီမလို့ ဒင်္ဂါးမှာ စိတ်ညစ်ညစ်နဲ့ အပူကျအောင် ရေပတ်တိုက်ပေးနေရပြီဖြစ်သည်။

” သွားချင်ဦးလေ ငါးရှဉ့်ဖမ်း … ပစ်တိုင်းထောင်ဟာလေ . တကယ်ကို လုပ်ချင်တိုင်းလုပ်တာ . နေကပူရတဲ့အထဲ အောက်က ရေစိုစိုနဲ့ အခုတော့ အပူရှပ်ပြီးဖျားပြီ “

” ဟ ! ရွှေဒင်္ဂါး … ကျုပ်ကလည်း ဖျားချင်လို့ဖျားတာလား “

သူကလည်း အပြစ်လုပ်ထားပြီး လေသံမလျော့တဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါး မသိမသာမျက်စောင်းထိုးရင်း ရေစစ်သွားတဲ့ ရေစိုဝတ်ကို သေချာခေါက်ပြီး ပစ်တိုင်းထောင်နဖူးပေါ် တင်ပေးလိုက်သည်။

” ဆန်ပြုတ်လည်း သောက်ပြီးတာကို ဆေးသောက်ဆို‌တော့လည်း မသောက်ဘူး … မြို့အုပ်မင်းညီကလေ တအားခေါင်းမာတယ် “

” တော်ပါပြီ ရွှေဒင်္ဂါးရယ် … ခေါင်းကိုက်ပါတယ်ဆို ခင်ဗျားက ပွစိပွစိနဲ့ “

ပစ်တိုင်းထောင်ကပြောတော့ ဒင်္ဂါးလည်း ဆက်မပြောတော့ပဲ အနည်းငယ်ပူနွေးလာပြီဖြစ်တဲ့ ပစ်တိုင်းထောင် နဖူးပေါ်က ရေစိုဝတ်ကိုဖယ်ရင်း နောက်တစ်ခုနဲ့ လဲလှယ်ပေးလိုက်သည်။ ကိုယ်ပူတက်ပြီး အဖျားကြီးနေတာကြောင့် ဖြူဖျော့နေတဲ့ ပစ်တိုင်းထောင်က အနွေးထည်အပါးလေးဝတ်ပြီး စောင်ခြုံလို့ လှဲနေသည်။

မနက်က အိမ်ကို‌ပြန်ရောက်တော့ ပစ်တိုင်းထောင်ရဲ့ပုံစံကိုမြင်ပြီး ခွေးပုက ဝါးလုံးကွဲရယ်သည်။ သူ့ကိုရယ်တော့လည်း ရယ်တယ်ဆိုကာ ခွေးပုကို လိုက်ရိုက်ပြန်သေးတာကြောင့် ‌ဒင်္ဂါးနဲ့ အစ်မငွေမှုန်မှာ ပစ်တိုင်းထောင်ကို မနည်းလိုက်ဆွဲရသေးသည်။ ဆွဲရုံနဲ့လည်းမပြီးပဲ အနားကပ်လာရင် ဆောင့်ကန်မယ်ဆိုကာ ခွေးပုကို ကျိန်းထားတာကြောင့် ခွေးပုကလည်း အနားမကပ်ရဲတာမလို့ ညပိုင်း ပစ်တိုင်းထောင်ဖျားတော့ ဒင်္ဂါးတစ်ယောက်တည်းသာ ပြုစုရတော့သည်။

အစ်မငွေမှုန်က ဆန်ပြုတ်ပြုတ်ပေးတာတောင် ဆန်ပြုတ်မသောက်ချင်ဘူးလုပ်နေလို့လည်း မနည်းချော့တိုက်ရသေးသည်။ အဘက ရွာထဲက ဆေးဆရာဆီက ဆေးတစ်ဖုန်စပ်ပေးပြီး ဆေးတိုက်တော့လည်း လုံးဝမသောက်တာကြောင့် ဒင်္ဂါးမှာ ပစ်တိုင်းထောင်ကို ကိုယ်ပူကျအောင်သာ လုပ်ပေးရတော့သည်။

” ပစ်တိုင်းထောင်က အခုလိုဖျားနေတော့ ကောင်းသလား … မနက်ဖြန် မြို့အုပ်မင်းတို့လာရင် ကျွန်တော်တို့က မျက်နှာပူရဦးမယ် “

” ဟ ! ကျုပ်ဘာသာ ကျုပ်ဖျားတာကို ခင်ဗျားက ကိုကိုကြီးကို ဘယ့်နှယ့်ကြောင့် မျက်နှာပူရတာတုန်း “

” ပူရမှာပေါ့ … ပစ်တိုင်းထောင်က တကယ့်ရက်မှ ဖျားရ‌တယ်လို့ … ကျွန်တော်တို့အိမ်မှာနေပြီး နေမကောင်းမကျန်းမာဖြစ်နေတော့ ကျွန်တော်တို့က ဘယ်ကောင်းမလဲ “

” ကျုပ်ဘာသာကျုပ်ဖျားတာလေ … ခင်ဗျားက ကျုပ်ကိုဖျားခိုင်းလို့လား ရွှေဒင်္ဂါးရဲ့ “

ရွှေဒင်္ဂါးက ပြန်မဖြေပဲ လက်ထဲက ရေစိုဝတ်ကိုသာ ဇလုံထဲနှစ်ရင်း ငြိမ်နေတဲ့အခါ ပစ်တိုင်းထောင် သက်ပြင်းချလိုက်သည်။

” ခင်ဗျားကလေ ရှိရှိသမျှ အကုန်စိတ်ပူစိုးရိမ် စာနာနေတော့တာပဲ … ခင်ဗျားသာ ဒီရွာရဲ့နောက်တက်သူကြီးဆိုလို့ကတော့ အကုန်ချီးတက်ပါကုန်ကြတော့မှာပဲ ရွှေဒင်္ဂါး … ကောင်းပါ့ ”

ပြောလိုက်တော့လည်း ရွှေဒင်္ဂါးက ခေါင်းငုံ့နေရာကနေ ပစ်တိုင်းထောင်ကို မျက်လုံးလေးစွေလို့ ကြည့်လာသည်။

” နေဦး … နောက်မှဆက်ပြော ရွှေဒင်္ဂါး … အရင်ဆုံး ကျုပ်ကို ထူပေးဦး … ခဏထိုင်ဦးမယ် . လှဲနေရတာများ ညောင်းလိုက်တာ “

ပစ်တိုင်းထောင်က အိပ်နေရင်းကနေ လူးလဲထတော့ ရွှေဒင်္ဂါးက လက်ထဲက ရေစိုဝတ်လေးကို ပစ်ချလို့ ပစ်တိုင်းထောင်ကိုဆွဲထူရင်း အနောက်မှာ ခေါင်းအုံးခံကာ အိမ်တိုင်ကို မှီစေသည်။

” ကဲပြော … ခုနက ခင်ဗျား ကျုပ်ကို ဘာပြန်ပြောမလို့လဲ “

” ဟို … ကျွန်တော်က သူကြီးမလုပ်ပါဘူးနော်… အဘ အားကိုးအားထားပြုရမယ့်သူတွေ့ရင် သူကြီးနေရာကို လွှဲခိုင်းမှာပဲ … ကျွန်တော်က ရွာသားတွေရဲ့လိုအပ်တာတွေကိုပဲ လိုက်ဖြည့်ဆည်းပေးချင်တာ … ဥပမာ ကလေးတွေကို ရွာကျောင်းမှာ စာသင်ပေးတာမျိုး “

ရွှေဒင်္ဂါးရဲ့အဖြေကြောင့် ပစ်တိုင်းထောင် မျက်ခုံးပင့်လိုက်မိသည်။

” ခင်ဗျားကိုယ်တိုင် သူကြီးမလုပ်ဘူးဆို သူကြီးစိတ်တိုင်းကျတဲ့ သမက်လောင်းတွေ့ရင် အစ်မငွေမှုန်နဲ့ လက်ထပ်ပေးလိုက်ပေါ့ … အဲ့တာဆို သူကြီးနေရာအတွက် သီးသန့်ရှာစရာမလိုတော့ဘူး “

” အင်း . အဲ့လိုဆိုလည်း အစ်မငွေမှုန်သာလက်ခံရင် ကျွန်တော်က လက်မခံနိုင်စရာ မရှိပါဘူး “

” ဟမ့် … ခင်ဗျားကသာ လက်ခံတယ်ပြောနေတာ … ကျုပ်ကတော့ မထင်ပါဘူး … အခုတောင်မှ ခင်ဗျားက အစ်မငွေမှုန်ကို ဒီလောက်အူတိုနေတဲ့ဟာ “

ဒင်္ဂါးက ပစ်တိုင်းထောင်ပြောတာလည်း မှန်နေတာကြောင့် မျက်စောင်းထိုးလိုက်ကာ ပြီးမှဆက်ပြောသည်။

” အစ်မက ကျွန်တော့်အတွက် အမေဆိုလည်းဟုတ် . အစ်မဆိုလည်းဟုတ်တာမလို့ နှမြောတဲ့သဘောပါ … ကျွန်တော်က ငယ်ငယ်ကတည်းက အမေရယ်လို့ မှတ်မှတ်ရရ မသိလိုက်ဘူးလေ …

အမေက ကျွန်တော့်ကိုမွေးပြီးတာနဲ့ ဆုံးသွားတာဆိုတော့ အလုပ်များတဲ့အဘထက်စာရင် အစ်မနဲ့အတူတူကြီးပြင်းလာခဲ့ရတာမို့ ပိုတွယ်တာမိတဲ့သဘောပါ …

ဒါပေမယ့် ကျွန်တော်က တွယ်တာနေပေမယ့် အစ်မလည်း အချိန်တန်ရင် သူ့မိသားစုနဲ့သူ ရှိလာမယ်ဆိုတာကျွန်တော့်စိတ်ထဲ မှတ်ထားပြီးသားပါ “

စကားအများကြီးပြောလိုက်ရတာကြောင့် ရေငတ်သလိုမျိုး ရွှေဒင်္ဂါးက တံတွေးမျိုချလိုက်တာကြောင့် အထက်အောက်လှုပ်ရှားသွားတဲ့ မထင်မရှား လည်စလုတ်လေးကို ပစ်တိုင်းထောင် မြင်လိုက်ရသည်။

” အစ်မငွေမှုန်ပဲ မိသားစုရှိလာမှာမှ မဟုတ်တာ … ခင်ဗျားမှာလည်း ရှိလာမှာပဲ “

ပစ်တိုင်းထောင်စကားကြောင့် ဒင်္ဂါးက ခပ်ဖွဖွရယ်ရင်း ခေါင်းရမ်းလိုက်သည်။

” အစ်မက တစ်အိုးတစ်အိမ်ထောင်ကျပြီးလို့ ယောင်နောက်ဆံထုံးပါသွားခဲ့ရင် ကျွန်တော်က အဘနဲ့ပဲ တစ်သက်လုံးနေတော့မှာ “

ရွှေဒင်္ဂါးစကားကြောင့် ပစ်တိုင်းထောင်က မျက်ခုံးပင့်လိုက်မိသည်။ ဘာရယ်မဟုတ်ပဲ ရွှေဒင်္ဂါးနဲ့ စကားစမြည်ပြောနေရတော့လည်း ခေါင်းကိုက်တာတွေက မသိသာသလိုမျိုး ပစ်တိုင်းထောင်အတွက် နေရထိုင်ရ သက်တောင့်သက်သာရှိလှသည်။

” ဟမ့် … ပြောတာပါပဲ.. ကြည့်ရသေးတာပေါ့ … “

” အာ … ကျွန်တော်တကယ်ပြောတာ … ကျွန်တော့်အတွေးက အရင်ကတည်းက အဲ့လိုပဲ . နေပါဦး … ကျွန်တော့်ကျတော့ ပြောပြီး ပစ်တိုင်းထောင်ကရော . အိမ်ထောင်ပြုဖို့ တွေးထားတာလား “

” ဟမ် . ကျုပ်လား … ”

ပစ်တိုင်းထောင်က ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးရင်းမေးလိုက်တော့ ရွှေဒင်္ဂါးက ခေါင်းညိတ်သည်။

” ကျုပ်က အခုနောက်ပိုင်းတော့ အဲ့လိုအတွေးမရှိပါဘူး . ကိုကိုကြီးနဲ့ မမကြီးတို့နဲ့ပဲ အတူတူတစ်သက်လုံး နေသွားမယ်လို့ တွေးခဲ့တာ …

အဖေက ကျုပ်ငါးနှစ်သားလောက်က ဆုံးသွားတာမို့ သိပ်မမှတ်မိဘူး … ငယ်ငယ်က အဖေဆုံးသွားတော့ ကိုကိုကြီးက အသက် တစ်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်ဆိုပေမယ့် မိသားစုတာဝန်ကို ကျောင်းတစ်ဖက်နဲ့လွှဲယူခဲ့တာ … အမေကတော့ ကျုပ်အသက် ၁၁ နှစ်လောက်ကမှဆုံးသွားတာမို့ မှတ်မိတယ် “

” အာ … မိဘတွေဆုံးတော့ ပစ်တိုင်းထောင်က ငယ်သေးတာပဲ “

ဒင်္ဂါးက စိတ်မကောင်းသလို ဆိုလိုက်တော့ ပစ်တိုင်းထောင်က ခေါင်းညိတ်သည်။

” အဲ့အချိန်က မိဘတွေဆုံးသွားတော့ အားလုံးက ဝိုင်းသနားကြပေမယ့် ကျုပ်က ကလေးသာသာဆိုတော့ ဘယ်လိုမှမနေဘူး … အဲ့ဒီနောက်တော့ မရီးဖြစ်လာမယ့် မမကြီးတို့အိမ်ကပဲ အိမ်နီးချင်းဆိုတော့ ကျုပ်ကို ကြည့်ရှုစောင့်ရှောက်ခဲ့တာမလို့ အလုပ်များတဲ့ ကိုကိုကြီးထက်စာရင် မမကြီးက ကျုပ်ကိုပိုချစ်ပြီး ပိုအလိုလိုက်တယ် “

” ကြည့်ပေးမယ့်သူရှိတော့ တော်‌သေးတာပေါ့ “

” အင်း … မမကြီးမှ မဟုတ်ဘူး…မမကြီးတို့ တစ်အိမ်လုံးက ကျုပ်ကိုချစ်တယ် . အလိုလိုက်တယ် … အဲ့လိုနဲ့ ကိုကိုကြီးနဲ့ မမကြီးကလည်း ငယ်ချစ်တွေဆိုတော့ မကြာဘူးလေ … နောက်ပိုင်း ကိုကိုကြီးမြို့အုပ်ဖြစ်ပြီးတော့ မမကြီးနဲ့ လက်ထပ်လိုက်တယ် “

ပစ်တိုင်းထောင်က ငယ်ငယ်က မမကြီးတို့ မိသားစုဆီမှာ အချစ်ခံခဲ့ရပုံကို ပြန်တွေးမိတာကြောင့် ပြုံးလိုက်မိသည်။ ရွှေဒင်္ဂါးကို ကြည့်လိုက်တော့လည်း ပစ်တိုင်းထောင်ပြောသမျှကို ငြိမ်ပြီး နားထောင်နေသည်။

” အဟက် ! ပြီးတော့လေ ကျုပ်က ဟိုက်စကူးမယ် ဆရာမလေးကို သဘောကျတယ်ဆိုတာ မမကြီးတို့အိမ်က သိသွားတုန်းကဆို မေမေကြီးက ဘယ်အိမ်ကသမီးပျိုလဲ . ချက်ချင်းသွားတောင်းပေးမယ်ဆိုလို့ ကျုပ်နဲ့မမကြီးက မနည်းတားလိုက်ရသေးတယ် “

” ….. “

” ပြောရရင် ကျုပ်က အဲ့တုန်းက ဆရာမလေးကို ချစ်တယ်သာဆိုတာ ကိုကိုကြီးနဲ့ မမကြီးကို ချစ်တာလောက်တော့ မမှီလောက်ဘူးထင်တယ် … အဲ့တုန်းက ရေရှည်အတွက် အများကြီး မတွေးခဲ့မိဘူး “

ပစ်တိုင်းထောင်စကားကို ဒင်္ဂါးက နားလည်သလို ခေါင်းညိတ်သည်။ ပစ်တိုင်းထောင်ပြောပုံအရဆို ပစ်တိုင်းထောင်က ငယ်ငယ်ကတည်းက မိဘမရှိတော့တာတောင် အချစ်ခံ အလိုလိုက်ခံပြီး ကြီးပြင်းလာရမှန်း သိသာသည်။ ထိုသို့ အချစ်ခံရတာကြောင့်လည်း ပစ်တိုင်းထောင်က ဘယ်နေရာရောက်ရောက် ထီမထင်တဲ့ မျက်နှာပေးနဲ့ အကြောတင်းနေတာဖြစ်ကြောင်း ဒင်္ဂါး နားလည်လိုက်သည်။

” အဟား . အရင်ကဆို ကိုကိုကြီးနဲ့ မမကြီးတို့အကြောင်းပြောရင် သတိရနေတတ်တာ . အခုတော့ မနက်ဖြန်လာမှာဆိုတော့ ကျုပ်က မြန်မြန်တွေ့ချင်လှပြီ “

တက်တက်ကြွကြွ မျက်နှာလေးနဲ့ ခပ်မြူးမြူးပြောနေပုံကြောင့် ဒင်္ဂါးပြုံးလိုက်မိသည်။

” ဟုတ်ပါပြီ … အခုဖြင့် အဖျားက မကျသေးဘူး . ဆေးသောက်ပါဆိုလည်း မသောက်ဘူး “

” တော်ပါ … မသောက်ချင်ပေါင် “

ပစ်တိုင်းထောင်ကတော့ ပုံမှန်အချိန်တောင် ဂျစ်တစ်တစ်ဖြစ်ရတဲ့အထဲ ဖျားနေချိန်မှာ ပိုလို့တောင်ဂျစ်သည်။ ဒင်္ဂါးက ထိုင်နေတဲ့ ပစ်တိုင်းထောင်နဖူးကို လက်ဖဝါးနဲ့အုပ်ကိုင်ရင်း စမ်းသပ်လိုက်တော့ ပူရှိန်းရှိန်း အပူငွေ့က ဒင်္ဂါးလက်ကို ရိုက်ခတ်လာသည်။

” ကိုယ်အပူချိန်ကလည်း မကျဘူး … မဖြစ်သေးပါဘူး . လာလာ . ပြန်လှဲ “

” အဲ . နေဦးလေ ”

” မရပါဘူး … ပြန်လှဲ … အိပ်တော့ ပစ်တိုင်းထောင် … ဆေးကဖြင့် မသောက်ချင်ဘူး . အိပ်မှသက်သာမှာ … အိပ်တော့ “

မရမကလက်ဆွဲပြီး အိပ်ရာပေါ် ပြန်လှဲစေတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်လည်း ရွှေဒင်္ဂါးစိတ်တိုင်းကျ ပြန်လှဲလိုက်တော့သည်။

” ဆေးသောက်မှ သက်သာမှာကို “

” ဟာ . တော်ပါပြီဆိုနေ ရွှေဒင်္ဂါးရာ … တော်ပြီ အိပ်တော့မယ် … ခင်ဗျားက ကျုပ် မျက်လုံးနှစ်လုံး မမှိတ်မချင်း ဆေးသောက်ဖို့ပဲ ပြောနေတော့မှာ “

ပြောပြီးပြီးချင်း မျက်လုံးကို ဖိမှိတ်ပစ်လိုက်တဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါး သက်ပြင်းချလိုက်သည်။ ပြီးကာမှ ရေဇလုံထဲက ရေစိုဝတ်ကို ပြန်ယူလိုက်ရင်း ရေသေချာညှစ်ကာ မျက်လုံးမှိတ်ထားတဲ့ ပစ်တိုင်းထောင်ရဲ့ နဖူးပေါ်မှာ တင်ပေးလိုက်သည်။ ကိုယ်ခန္ဓာကတော့ အဝတ်အစား မလဲခင်ကတည်းက ရေပတ်တိုက်ထားပေးတာကြောင့် မတိုက်ပေးဖြစ်တော့ပါ။

ထိုညကတော့ မိုးမရွာသလို ဒင်္ဂါးအခန်းက ပြတင်းပေါက်တွေကိုလည်း မဖွင့်ထားဖြစ်ပါ။ သိပ်မကြာခင် ပစ်တိုင်းထောင်ကတော့ အိပ်မောကျသွားပြီဖြစ်သည်။ ဒင်္ဂါးကတော့ အိပ်ပျော်သွားပြီးနောက် နဖူးနဲ့ လည်ပင်းစပ်တွေမှာ ချွေးစို့လာတဲ့ ပစ်တိုင်းထောင်ကို ရေပတ်တိုက်ပေးရင်း နွေရာသီရဲ့ ညတာတိုတိုကို ဖြတ်သန်းရပါတော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၅-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၂), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၂), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၂) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၂) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၂) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၂) light novel, ,

Comment

Leave a Reply

Chapter 23